ဓာတ်ပုံများ

 ကျောက်တော်ကို ဟိုးတစ်ခါသွားတုန်းက ရိုက်ခဲ့တာတွေပါ။ ဒီနေ့မှ ကွန်ပျူတာဖိုင်ရှင်းရင်းနဲ့ တွေ့လာလို့ တင်ပေးလိုက်တာပါ။ ကျောက်တော်တောင် (သေလာဂီရိမောရပပ္ပတတောင်)ပါ။ ရခိုင့်သမိုင်းမှာ အရေးပါတဲ့ တောင်တစ်တောင်ဖြစ်ပါတယ်။ ဘုရားရှင်ဟာ စန္ဒသူရိယဘုရင် (မဟာမုနိရုပ်ရှင်တော်မြတ်ကိုတည်ထားကိုးကွယ်ပူဇော်တော်မူသောရှင်ဘုရင်) ရဲ့ ပင့်ဆောင်မှုကြောင့် ရခိုင်ပြည်ကို ကြွချီလာပြီး ဒီကျောက်တော်တောင်ထိပ်မှာ ခဏနားပြီး ဘုရားရှင်ရဲ့ သံသရာမှာ ကျင်လည်ခဲ့တာတွေကိုပြောပြပြီး ဗျာဒိတ်တော် ပေးတော်မူခဲ့တယ်လို့....... .. . . ...၊ ရခိုင်ပြည်နယ်ကိုများ လာလည်ခဲ့ရင် ဒီကျောက်တော်တောင်ကိုလည်း မဖြစ်မနေလေ့လာရမယ့်နေရာပါ။ ပြီးတော့ ကျောက်တော်တောင်ဘုရားပွဲတာလည်း အရမ်းပျော်စရာကောင်းပါတယ်။  ဒီကစ္ဆပနဒီ(ကုလားတန်မြစ်)ပေါ်မှာပဲ လှေတွေနဲ့သွားပြီး ပျော်ပျော်ပါးပါး ရေပတ်ကြတာပါ။ ကျွန်တော်တော့မရောက်ဖူးသေးလို့ပါ။ အလုပ်မအားတာကြောင့် မသွားဖြစ်သေးတာပါ။ သွားဖြစ်ခဲ့ရင် ဓာတ်ပုံတွေကို တင်ပေးပါမယ်။

 ကျောက်တော်တောင်ပေါ်ကနေ ကျောက်တော်မြို့ကိုလှမ်းမြင်ရတဲ့မြင်ကွင်းပါ။

စိတ်ညစ်တယ်ဗျာ။ လူတွေကလည်း ကိုယ်မလုပ်တတ်ရင်လည်း ကိုယ့်ဘာသာကိုယ်အေးဆေးနေတာဟုတ်ဘူး။ သူများလုပ်တာကိုလာဝေဖန်နေသေးတယ်။ ကျွန်တော့်မှာ အခုရိုက်ထားတဲ့ဓာတ်ပုံတွေကိုလာဝေဖန်နေကြသေးတယ်။ မင်းရိုက်တဲ့ကင်မရာက အဆင့်မရှိတဲ့ကင်မရာတဲ့။ ဟုတ်ပါတယ် ကျွန်တော်ကိုင်တဲ့ကင်မရာက အဆင့်မရှိတဲ့ ကင်မရာပါ။ ကဲသူတို့ကိုင်တဲ့(အဆင့်ရှိတဲ့ကင်မရာ) နဲ့ ရိုက်ကြပါလား။ ပြောလိုက်ရင်မိုးလားကဲလားနဲ့ လုပ်ရင်ဘာမှ မဟုတ်ဘူး။ အဲလိုလူမျိုးဆို သိပ်ကို အမြင်ကပ်မိတယ်။ ကျွန်တော်အခုကိုင်တဲ့ကင်မရာက ဓာတ်ပုံကင်မရာအစစ်မဟုတ်ပါဘူး။ ရှိတာလေးနဲ့ ကိုယ့်ဘာသာကိုယ် အကောင်းဆုံးဖြစ်အောင်ရိုက်ကူးနေတာပါ။ ၀ါသနာပါလို့ပေါ့ဗျာ။ ကင်မရာလေးအကောင်းတစ်လုံးလောက်သာ ကိုင်နိုင်လို့ကတော့လေ...။ ကင်မရာက Panasonic NV-GS330 3CCD Mini Dv Camera ပါ။ ဒီပုံလေးကတော့ လူတွေဘာမှ တန်ဖိုးမထားတဲ့ လမ်းဘေးနားက ပန်းကလေးပါ။  ပွိုင့် (စစ်တွေ) ကို ကျွန်တော့်မိသားစုနန့် (ကျွန်တော့်မွေးနေ့တုန်းက) အပမ်းဖြေသွားတုန်းက ရိုက်ခဲ့တာပါ။ နောက်ထပ်ပုံလေးတွေရှိသေးပါတယ်။

သီတင်းကျွတ်လပြည့်နေ့က လ ကိုရိုက်မလို့ လ ကို မြစ်ကမ်းနံဘေး(ရှုခင်းသာလမ်း၊ စစ်တွေမြို့)မှာ သွားစောင့်ရင်းနဲ့  အမှတ်မထင်ရလာတဲ့ လိပ်ပြာလေးပါ။ ထိကရုန်းပင်လေးပေါ်မှာနားနေတဲ့လိပ်ပြာလေးပါ။ 

လောကာနန္ဒာဘုရားရင်ပြင်မှာ သီတင်းကျွတ်လပြည့်နေ့က ကျင်းပခဲ့တဲ့ ဆီမီး 10000 ပူဇော်ပွဲတုန်းက ရိုက်ခဲ့တာပါ၊ စိတ်လည်း သိပ်မပါတာနဲ့ ပုံကောင်းကောင်းလေးမရခဲ့ပါဘူး။

 ပွိုင့် အပမ်းဖြေစခန်းကနေစစ်တွေမြို့ထဲကိုလှမ်းမြင်ရတဲ့မြင်ကွင်းပါ။ ပွိုင့်က ပင်လယ်အ၀ မှာ တည်ရှိတာပါ။ လှိုင်းရိုက်သံလေး နားထောင်းရင်း အေးအေးဆေးဆေး အနားယူနိုင်ပါတယ်။ သူငယ်ချင်းတွေများ စစ်တွေမြို့ကို ရောက်ဖြစ်ခဲ့ရင် ကျွန်တော့်ဆီဝင်ခဲ့ကြပါ။ ပွိုင့် ကမ်းခြေရဲ့ အလှကိုခံစားဖို့ရသတွေ မျှဝေပေးပါမယ်။

 ပွိုင့်မှာရှိတဲ့ ရှေးဟောင်းအမြောက်ကြီးပါ။

ဘာရယ်တော့်မဟုတ်ပါဘူး၊ ဒီလိုရိုက်လာခဲ့တာပါ။ အော် ကျွန်တော်ကလည်း လက်ထဲမှာ ကင်မရာတွေများ ကိုင်ထားမိရင် မနေနိုင်၊ မြင်မြင်သမျှကို ရိုက်ချင်နေတာပဲ။ ကြာရင် လူတွေများအမြင်ကတ်တော့မယ် အဟီး၊  

 ဒီတံတားကတော့ ကျောက်တော်မြို့မှာတည်ရှိတဲ့ ဂစ္ဆပနဒီတံတားကြီးပဲဖြစ်ပါတယ်။ ဂစ္ဆပနဒီကို ဖြတ်ပြီးတော့ တည်ဆောက်ထားတာပါ။ ရခိုင်ပြည်နယ်ရဲ့ ဂုဏ်ယူစရာတစ်ပေါ့။ ကျောက်တော်တောင်ပေါ်ကနေလှမ်းရိုက်ထားတာမို့ အပြည့်အစုံမမြင်ရပါဘူး။ နောက်တစ်ကြိမ်ကျရင် အသေအချာရိုက်ယူလာပါမယ်။ 

စစ်တွေပွိုင့်ကမ်းခြေအလှကို ရိုက်မယ်ရိုက်မယ်နဲ့ တော်ရုံနဲ့မရိုက်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့တော့ ရိုက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြိုက်သေးပါဘူး။ ထပ်ပြီးတော့ ရိုက်ပေးပါအုံးမယ်။ အင်မတန်ပျော်ရွှင်စရာကောင်းတဲ့ကမ်းခြေပါ။ လှိုင်းစီးရတာ တအားပျော်ဖို့ကောင်းပါတယ်။  စစ်တွေမှာ သင်္ကြန်ပြီးလို့ အနီးဆုံးတနင်္ဂနွေနေ့ဟာ စစ်တွေရဲ့ တနင်္ဂနွေသင်္ကြန်ပေါ့။ အဲဒီနေ့မှာ ဒီကမ်းခြေမှာ ခြေချစရာနေရာတောင်မရှိပါဘူး။ လူတွေစည်သလားမမေးပါနဲ့။ စစ်တွေကိုများ အလည်ရောက်လာခဲ့ရင် ဒီကမ်းခြေမှာ အပမ်းဖြေဖို့ ဖိတ်ခေါ်ပါတယ်။

စစ်တွေမြို့နေ လှမ်းမြင်ရတဲ့ လေးရှင်းတောင်မီးပြတိုက်ဟောင်းပါ။ ဆောင်းရာသီဆိုရင် အဲဒီမီးပြတိုက်ကျွန်းမှာ ပျော်ပွဲစားထွက်ကြပါတယ်။ ကျွန်တော်လည်း တစ်ခါရောက်ဖူးပါတယ်။  ကျွန်းက သေးသေးလေးပါ။ ကျွန်းပေါ်မှာ စေတီတစ်ဆူတွေ့ခဲ့ရပါတယ်။ လူတွေတော့မနေကြပါဘူး။ တံငါသည်တွေတော့ ရပ်နားစခန်းအဖြစ်လုပ်ကြပါတယ်။ ဒီနှစ်ဆောင်းရာသီရောက်ရင် ထပ်သွားအုံးမှာပါ။ စစ်တွေကနေ အဲဒီကို 1 နာရီ ခွဲလောက် မော်တော်စီးရပါတယ်။ ပင်လယ်ဖြတ်သွားရတာ ပျော်စရာကြီး။

စစ်တွေကမ်းခြေလမ်းပါပဲ။ နောက်တစ်ကြိမ်ကျရင် ပင်လယ်ကမ်းခြေက ပုံတွေ ရိုက်တင်ပေးပါအုံးမယ်။
ပင်လယ်ကမ်းခြေသွားတိုင်း ဘီယာပဲသောက်နေမိလို့ ဓာတ်ပုံရိုက်မယ့်ဟာ မေ့မေ့နေတယ် အဟီး

စစ်တွေရှုခင်းသာလမ်းပါ။ ညနေတိုင်း၊ မနက်တိုင်းလမ်းလျှောက်ထွက်လေ့ရှိကြပါတယ်။ သာယာအေးမြတဲ့ ပင်လယ်လေတွေ ရှုရှိုက်ရင်းနဲ့ပေါ့။ ဒီလမ်းမှာ လမ်းလျှောက်ရင်းသတိရတာကတော့.... ကျွန်တော်ငယ်ငယ်တုန်းက လေးတန်းနှစ်ကပေါ့ ဒီလမ်း စလုပ်ခဲ့တာ(ပြီးခါနီးနေပါပြီ)။ ဒီလမ်းပေါ်မှာ သူငယ်ချင်တွေအပြေးပြိုင်ခဲ့ပါတယ်။ ကျွန်တော်က ခြောက်ယောက်ပြိုင်တာမှာ စတုတ္ထရခဲ့ပါတယ်။ ဒါတောင်မှ ပူးတွဲပါ အဟီး....

စစ်တွေမြို့ရဲ့ နှစ် 100 ကျော်သက်တမ်းရှိတဲ့ ရှေးဟောင်းနာရီစင်ကြီးဖြစ်ပါတယ်။ 1887ခုနှစ်က တည်ဆောက်ခဲ့တာပါ။ နယူးယောက်မြို့မှာရှိတဲ့ လေဘာတီရုပ်တုထက် တစ်နှစ်ပဲ ငယ်ပါတယ်။  အင်္ဂလန်ဝိတိုရိယဘုရင်မရဲ့မွေးနေ့မှာ စစ်တွေမြို့အတွက် မွေးနေ့လက်ဆောင်ပေးခဲ့တာလို့ သိရပါတယ်။

ပျင်းပျင်းရှိတာနဲ့ ကမ်းခြေဆင်းမိတာ ဒီပုံလေးတစ်ပုံရိုက်မိခဲ့ပါတယ်။ ဒီရေတောပင်လေးတွေပါ။ စိုက်ထားတာ သိပ်မကြာသေးပါဘူး။ သဘာဝပတ်ဝန်းကျင်စိမ်းလန်းရေးအတွက် အားသစ်လောင်းမယ့် အပင်လေးတွေပါ။

ဒီလိပ်ပြာပုံလေးကတော့ မြောက်ဦးကအပြန် ကျောက်တော်မြို့ကိုဝင်ရင်း ရခဲ့တဲ့ပုံလေးဖြစ် ပါတယ်။ ကျောက်တော်၊ မြန်မာ့စီးပွားရေးဘဏ် ၀င်းခြံထဲမှာ ခဏနားရင်း ဓာတ်ပုံလေးတစ်ပုံ လောက်ရနိုင်ရင်ကောင်းမှာပဲလို့တွေးရင်းနဲ့ လိုက်ရှာရင်းနဲ့ရခဲ့တဲ့  ပုံလေးဖြစ်ပါတယ်။ 

ဒီပုံလေးလည်း ကျောက်တော်၊ မြန်မာ့စီးပွားရေးဘဏ် ၀င်းခြံထဲက ရှာတွေ့ခဲ့တဲ့ ပန်းပုံလေးပါ။ ဘာပန်းလေးပါလိမ့်..... 
ပဒကာပန်းလေးပါ (ရခိုင်လိုပါ)အဟီး

မြောက်ဦးမြို့ရဲ့ ဘုန်းဘုန်းများ ဆွမ်းခံဓလေ 

ခံစားမှုလေးတစ်ကို ဒီပုံထဲမှာ ကျွန်တော် အသေအချာကိုတွေ့ခဲ့ရပါတယ်။ တိရိစ္ဆာန်ဆို ပေမယ့် သူ့ရဲ့ မျက်ဝန်းထဲမှာ မျှော်လင့်ချက် တစ်ခုခုပျောက်ဆုံးသလိုပဲ။ ဟူး . . .. ..

ဒီပုံလေးလည်း ကျောက်တော်၊ မြန်မာ့စီးပွားရေးဘဏ် ၀င်းခြံထဲက ရှာတွေ့ခဲ့တဲ့ အသီးပုံလေးပါ။ ဘာသီးလေးပါလိမ့်...... (စားတော့မစားချင်ပါနဲ့ဗျာ) 
ကြက်ဆူသီးလေး....တဲ့

မီးတောက်လေးတော့ မီးတောက်လေးပါပဲ................. 

ကိုယ်နေရတဲ့နေရာကို ကိုယ်အကြီးဆုံးလို့ထင်ကြတယ်။ ပွဲကြည့်ပရိတ်သတ်တစ်ယောက်အနေနဲ့ကြည့်လိုက်ရင်......
ဒီလိုပါပဲ ဘ၀ဆိုတာလည်း .....